google-site-verification=gxI9Vw8JzyzHFFF0-A2wV4ejpLwkWuPZ1SDszgEy2gE အယောင်ဆောင်ခြင်း (၃၇)ပါး - ဘ.က ညောင်ပင်ကျောင်း မှ ကြိုဆိုပါ၏
Home » » အယောင်ဆောင်ခြင်း (၃၇)ပါး

အယောင်ဆောင်ခြင်း (၃၇)ပါး


အယောင်ဆောင်ခြင်း (၃၇)ပါး



(၁) ရာဂသည် မေတ္တာယောင်ဆောင်တတ်၏။
(၂) သောကသည် ကရုဏာယောင်ဆောင်တတ်၏။
(၃) လောဘမူသောမနဿသည် မုဒိတဗြဟ္မာ့ဝိဟာရယောင်ဆောင်တတ်၏။
(၄) ကုသိုလ်တရားတို့၌အားမထုတ်ခြင်း ဝန်ချခြင်းတို့သည် ဥပေက္ခာဗြဟ္မာ့ဝိဟာရယောင်ဆောင်တတ်၏။
(၅) စိတ်ပူပန်ခြင်း ဒေါသ ဒေါမနဿတရားသည် ဝဋ်ဆင်းရဲကို ထိတ်လန့်ခြင်း သံဝေဂယောင်ဆောင်တတ်၏။
(၆) ပုဂ္ဂိုလ်ယုတ်မြတ်၊ ကြည်ညိုအပ် မကြည်ညိုအပ် ရွေးချယ်စုံစမ်းခြင်း၌ မကြည်ညိုတတ်သော အသဒ္ဓိယဟု ဆိုအပ်သော မက္ခပဠာသီ အကုသိုလ်တရားသည် စုံစမ်းခြင်း ပညာယောင်ဆောင်တတ်၏။
(၇) သဒ္ဓါအားကြီးရာ၌ ဆိုးကောင်းယုတ်မြတ် အမှတ်မထင် မဆင်ခြင်တတ် ပညာကင်းလွတ် မသိတတ်သော မောဟသည် သဒ္ဓါယောင်ဆောင်တတ်၏။
(၈) မကောင်းမှုကို ကဲ့ရဲ့ရှုံ့ချရာ၌ သူတစ်ပါးတို့၏ အပြစ်ကို ရှုလေ့ရှိသော ဂရဟာ၊ ဝမ္ဘနာ၊ အက္ကောသန ဟူသော မသူတော်တရားသည် ပါပဂရဟိတာ ဟုဆိုအပ်သော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။
(၉) တပည့်သားတို့ကို နှိမ်နင်းဆုံးမရာ၌ နှုတ်ကြမ်းခြင်း ဖရုဿဝါစာ အကုသိုလ်တရားသည် နိဂ္ဂယှဝါဒိတာ ဟုဆိုအပ်သော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။ (၁၀) မိမိကိုယ်ကို ဒါယကာတို့အောက်နှိမ့်ချ၍ ပြောဆိုသောအားဖြင့် လာဘ်ကိုရှာခြင်းဟူသော စာဋုကမျတာ အနေသနတရားသည် ပိယဝါဒိတာဟူသော မေတ္တာယောင်ဆောင်တတ်၏။
(၁၁) အာဇီဝပါရိသုဒ္ဓိသီလကို ဖြည့်ကျင့်ရာ၌ မိမိ၏ပစ္စည်းတို့ကို ဝေဖန်၍ သုံးဆောင်လေ့မရှိသော လောဘ မစ္ဆေရ အကုသိုလ်တရားသည် အာဇီဝပါရိသုဒ္ဓိသီလယောင်ဆောင်တတ်၏။
(၁၂) မိမိပစ္စည်းဥစ္စာတို့ကို အလဇ္ဇီပုဂ္ဂိုလ်နှင့် ဝေဖန်ဖြန့်ဖြူး၍သုံးဆောင်ခြင်း မိစ္ဆာဇီ၀ အလဇ္ဇီပဂ္ဂဟ အကုသိုလ် တရားသည် သံဝိဘာဂနာယကဂုဏ်တည်းဟူသော သဒ္ဓါမေတ္တာယောင်ဆောင်တတ်၏။
(၁၃) တရားနှင့်လျော်သော ဝစနပဋိသန္ဓာရ၊ ဓမ္မပဋိသန္ဓါရတို့ဖြင့် ဒါယကာတို့အား မချီးမြှောက်ခြင်းဟု ဆိုအပ် သော ကရုဏာမေတ္တာ သဒ္ဓါကင်းသော မသူတော်တရားသည် လူတို့နှင့်နှီးနှောခြင်းမရှိရဟူသော ဂိဟိအသံသဂ္ဂ သီလယောင်ဆောင်တတ်၏။
(၁၄) လူတို့နှင့်တရားမသင့် ရောနှောခြင်းဟု ဆိုအပ်သော အာစာရဝိပ္ပတ္တိမိစ္ဆာဇီဝအကုသိုလ်တရားသည် သင်္ဂဟဟုဆိုအပ်သော သဒ္ဓါ မေတ္တာ ကရုဏာယောင်ဆောင်တတ်၏။
(၁၅) သူနှစ်ယောက်တို့၏အကြား ကွဲပြားစိမ့်ငှာ ကုန်းချောပြောဆိုခြင်း မသူတော်တရားသည် သစ္စဝါဒိတာ ဟူသော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။
(၁၆) အဝိသုဏဝါစာ သုစရိုက်တရားအရာ၌ သူတစ်ပါးတို့အကျိုးမဲ့ လိုလားခြင်းတည်းဟူသော ဣဿာ မစ္ဆေရ ဒေါသမူ အကုသိုလ်တရားသည် သူတစ်ပါးတို့ပျက်ပြားကြလတ္တံ့သည်ကို သိမြင်လျက် ကုန်းတိုက်ရာ ရောက်မည် ကြောင့် မပြောဆိုဝံ့သည့် အဟန်အယောင်ဆောင်တတ်၏။
(၁၇) မိမိဒါယကာအိမ်တွင် ဝင်ရောက်လာသူ အလှူခံတို့အား နှလုံးမသာမယာခြင်း ဒေါသမစ္ဆေရရန်သည် ဒါယကာတို့အား သနားခြင်း ကရုဏာဟန် အယောင်ဆောင်တတ်၏။
(၁၈) နောက်သားနောင်လာသံဃာတော်တို့အတွက် အာဝါသကို ကျွဲနွားလူသူ လုယူ ဖျက်ဆီးသည့်အခါ မသဒ္ဓါ မကြည်ညို ဝန်တိုခြင်း အာဝါသမစ္ဆေရ အကုသိုလ်တရားသည် သဒ္ဓါမေတ္တာယောင်ဆောင်တတ်၏။
(၁၉) တရားဟောအပ်သော ကုသိုလ်တရားအရာ၌ ဓမ္မမစ္ဆေရ အကုသိုလ်တရားသည် လှည့်ပတ်အယောင် ဆောင်တတ်၏။
(၂၀) ဂိုဏ်းသံဃာတပည့်များကို တရားကျမ်းဂန် သင်ကြားပို့ချချီးမြှောက်ခြင်းဟုဆိုအပ်သော သဒ္ဓါ မေတ္တာ ကရုဏာ အရာ၌ ဂိုဏ်းအပေါင်းအဖော်ကို တွယ်တာခြင်း သင်္ဂဏိကာရာမ တဏှာသည် ဂဏာနုဂ္ဂဟသဒ္ဓါ မေတ္တာယောင်ဆောင်တတ်၏။
(၂၁) အကျိုးမဲ့သောစကားတို့နှင့်တကွ ကာလရှည်ကြာ ပြောဆိုမိခြင်း ဘဿာရာမတဏှာသည် ဓမ္မဒေသနာကို မွေ့လျော်ယောင်ဆောင်တတ်၏။
(၂၂) ရဟန်းတရား၌ မမွေ့လျော်နိုင်ခြင်း၊ အမှုသစ်၌သာ မွေ့လျော်နိုင်ခြင်း၊ တဏှာဟူသောကမ္မရာမ ပပဉ္စတရားသည် ကုသိုလ်ကောင်းမှု၌ မွေ့လျော်ခြင်းဟူသော ပုညာရာမ အယောင်ဆောင်တတ်၏။
(၂၃) ပဋိကူလသညာကမ္မဋ္ဌာန်းအရာ၌ စက်ဆုပ်ရွံရှာနှလုံးမသာခြင်း ဗျာပါဒသည် ပဋိကူလသညာ ကမ္မဋ္ဌာန်းထင်ယောင်ဆောင်တတ်၏။
(၂၄) ပဋိကူလသညာကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ရွံရှာအပ်သော အာရုံကို မရွံရှာခြင်းဖြစ်ရာ၌ ကာမတဏှာသည် ရာဂစရိုက်အစွမ်းဖြင့် မရွံရှာသည်ကိုလျက် ပဋိကူလသညာကမ္မဋ္ဌာန်းထင်သောအားဖြင့် မရွံရှာယောင် ဆောင်တတ်၏။
(၂၅) ဘာဝနာကမ္မဋ္ဌာန်းအရာ၌ ငိုက်မျဉ်းခြင်း ထိနမိဒ္ဓစသည် သမာဓိယောင်ဆောင်တတ်၏။
(၂၆) မထိုင်မရပ် မပြတ်ပြန်လှန် စင်္ကြံသွားခြင်းစသည် ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်ရာ၌ ကမ္မဋ္ဌာန်းကို မဝင်မသက် စိတ်ထွက်ပြေးသွားခြင်း ဥဒ္ဓစ္စတရားသည် ဝီရိယတိုးပွားယောင်ဆောင်တတ်၏။
(၂၇) ဝိနယကုက္ကုစ္စအားဖြင့် မအပ်လိမ့်ယောင် အပ်လိမ့်ယောင်နှင့် မရှောင်ပြုမိသဖြင့် နှလုံးမသာ ဝိပ္ပဋိသာရ ကုက္ကုစ္စသည် သိက္ခကာမ ကုက္ကုစ္စ ယောင်ဆောင်တတ်၏။
(၂၈) သကဝါဒ ပရဝါဒ ပက္ခနှစ်ပါးတို့၌ ယုတ္တာယုတ္တိရှိမရှိကို ကြံစည်စုံစမ်းရာ၌ သကဝါဒ၌ သို့လောသို့လော သင်္ကာယုံမှားခြင်း ဝိစိကိစ္ဆာ အယုတ်တရားသည် စူးစမ်းဆင်ခြင်တတ်သောပညာ အယောင်ဆောင်တတ်၏။
(၂၉) ဣဋ္ဌ အနိဋ္ဌအာရုံတို့၌ ဝမ်းမနည်း ဝမ်းမသာ လျစ်လျူရှုခြင်း၊ ဥပေက္ခာတရားအရာ၌ ဆိုးကောင်းယုတ်မြတ် မသိတတ်၍ အမှတ်မဲ့နေခြင်း အညာဏုပေက္ခာ ဟူသောမောဟတရားသည် ဆိုးကောင်းယုတ်မြတ် သိတတ် လျက်သာ လျစ်လျူရှုရသည်ဟူသော ဉာဏုပေက္ခာယောင်ဆောင်တတ်၏။
(၃၀) ပရမတ္ထသဘောကို နစ်နောဆင်ခြင်တတ်သော ပညာအရာ၌ သတ္တဇီဝါ ငါသူတစ်ပါးမဟုတ်၊ နာမ်ရုပ်အစုမျှသာဖြစ်၍ လှံဓားဖြင့်ထိုးခုတ်ခြင်းကို ပြုသော်လည်း ပကတိအားဖြင့် ပျက်စီးခြင်းသဘောရှိသော ဇီဝိတိန္ဒြေကို မဖျက်စီးနိုင်ရာ ရုပ်ကလာပ်အကြားကိုသာ လှံသွား ဓားသွား ကျရောက်သည်ဖြစ်၍ ပဏဝမ မဖြစ်နိုင်ရာဟူသော အကိရိယဒိဋ္ဌိ အစရှိသော မိစ္ဆာဒိဋ္ဌိတရားသည် ဉာဏ်ကြီးသည့်အယောင်ဆောင်တတ်၏။
(၃၁) သားသမီးခြွေရံပရိသတ်တို့ တွယ်တာမက်မောခြင်းကင်းသော ဝိရာဂတရားအရာ၌ သူတစ်ပါးတို့အား သနားခြင်းမရှိ နိကရုဏာသဘောတရားသည် နှစ်သက်တွယ်တာခြင်းကင်းသည့် အဟန်အယောင်ဆောင် တတ်၏။
(၃၂) ဘုရားခွင့်ပြုတော်မူသည်ကို ငါမှီဝဲသည်ဟူသော အမှတ်ဖြင့် သဒါရဟူသော စိုးပိုင်အာရုံ ကာမဂုဏ်အမှု၌ တွယ်တာမက်မောခြင်း တဏှာသည် အပ်သည်ကိုသာ ငါမှီဝဲအပ်သည် ဟူသော အမှတ်ကို ဖြစ်စေသဖြင့် အယောင်ဆောင်တတ်၏။
(၃၃) ကိုယ့်ရှင် ကိုယ်သာ ကိုယ့်ဆရာဟု ပညာအားကိုး အမြတ်တနိုးပြုရာ၌ သီတင်သုံးဖော် ဆရာသမား သူတစ်ပါးတို့၏ အဆုံးအမကို မလိုက်နာနိုင်ခြင်း အယုတ်တရားသည် အတ္ထာဓိပတိဟန် အယောင်ဆောင် တတ်၏။
(၃၄) ဓမ္မဝိဟာရီသာ ပမာဏဟု နှလုံးပြုသဖြင့် သီတင်းသုံးသံဃာတော်တို့ကံကြီးကံငယ် မှုကြီးမှုငယ်တို့ကြောင့် စည်းဝေးကြသည့်အခါ အညီအညွတ် မလာမရောက် မလောက်မလား လေးစားမပြုနေခြင်းဟူသော သဗြဟ္မာ့စာရီ အဂါရဝတရားသည် မိမိလည်း တရားတစ်ခုအာရုံပြု၍ ကောင်းသောနေခြင်းဖြင့်သာ နေပါသည် အမှတ်ကိုဖြစ်စေသဖြင့် အယောင်ဆောင်တတ်၏။
(၃၅) သီတင်သုံးဖော် ဆရာသခင်တို့အား လောကအကြိုက်အလိုလိုက်၍ တရားမငဲ့ မျက်နှာငဲ့ကာ ပြုရသော ဝေယျာဝစ္စတို့သည် ဆရာသခင် အရှင်များကို ခံ့ညားရိုသေခြင်း လောကာဓိပတိဟူသော ဂါရဝတရား ယောင်ဆောင်တတ်၏။
(၃၆) အတိုင်းအရှည်နှင့်ယှဉ်၍ စကားပြောဆိုခြင်း သတိသမ္ပဇညတရားအရာ၌ စကားအလွန်နည်းပါးခြင်း၊ သီတင်းသုံးဖော် အာဂန္တုကတို့နှင့် ဝမ်းမြောက်ဝမ်းသာမပြောဆိုနိုင်ခြင်း အာလသိယ မာနထမ္ဘ သာရမ္ဘ တရားသည် စကားအရာ၌ အတိုင်းအရှည်ကိုသိသော သတိသမ္ပဇည အယောင်ဆောင်တတ်၏။
(၃၇) သီတင်းသုံးဖော် အာဂန္တုက ရဟန်းတို့နှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆိုလေ့ရှိသော သဒ္ဓါမေတ္တာ ကုသိုလ်တရားအရာ၌ အလွန်အယုတ် ဟုတ်မဟုတ်ကို မဆင်ခြင်၊ ဆိုချင် မက်မော အလှိုင်းတကြီး ပြောဆိုမိသော မာယာသာဌေယျ အယုတ်တရားသည် ဝမ်းမြောက်ဝမ်းသာ သဒ္ဓါကြည်ညိုဆိုသော အယောင်ဆောင်တတ်၏။

(သုခမှတ်စု စာအုပ်မှ စာမျက်နှာ ၃၀၁-၃၀၃ ကို ကူးယူဖော်ပြပါသည်။)

0 မွတ္ခ်က္:

ဖတ်ရှုများသောပို့စ်မျး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်