(၁) ပုရေဘတ္တပုဗ္ဗကိစ္စ = နံနက်ခင်း ဗုဒ္ဓလုပ်ငန်းစဉ်
မြတ်စွာဘုရားရှင်သည် စောစောစီးစီး ထတော်မူ၍ အလုပ်အကျွေး ရဟန်းတော်အား ချီးမြှောက်ရန် ရူပကာယကိုယ်တော် ချမ်းသာရန်အတွက် မျက်နှာတော်သစ်ခြင်း အစရှိသော ကိုယ်လက်သုတ်သင်မှုကို ပြုတော်မူပြီးလျင် ဆွမ်းခံဝင်ချိန်ရောက်သည့်တိုင်အောင် ဆိတ်ငြိမ်ရာအရပ်၌ ဖလသမာပတ်ဖြင့် အချိန်ကို ကုန်လွန်စေတော်မူ၍ ဆွမ်းခံချိန် ကျရောက်သောအခါ သင်းပိုင်ကို ပြင်ဝတ်၍ ခါးပန်းကို ပန်းပြီးလျင် သင်္ကန်းတော်ကို ရုံတော်မူ၍ သပိတ်တော်ကို ယူဆောင်တော်မူကာ
တခါတရံ တပါးတည်း၊ တခါတရံ ရဟန်းအပေါင်းခြံရံလျက် ရွာနိဂုံးအတွင်းသို့ ဆွမ်းခံကြွဝင်တော်မူ၏။ ထိုသို့ ကြွဝင်တော်မူရာမှာလည်း တရံတခါ ပကတိသော ကြွဝင်ခြင်းဖြင့် ကြွဝင်၍ တရံတခါ များစွာသော တန်ခိုး ပြာဋိဟာတို့ဖြင့် ကြွဝင်တော်မူ၏။ ကြွဝင်တော်မူပုံမှာ-
မြတ်စွာဘုရားရှင် ဆွမ်းခံဝင်တော်မူလတ်သည်ရှိသော် ရှေ့တော် ရှေ့တော်မှ လေပြေ လေညှင်းတို့သည် တိုက်ခတ်ကြကာ မြေအပြင်ကို စင်ကြယ်စေကြလေသည်။ တိမ်တိုက်တို့သည် ရေပေါက်တို့ကို တဖွားဖွား လွှတ်ကုန်လျက် လမ်းခရီးတလျောက်ရှိ မြူမှုန်များကို သိပ်စေကြ၍ ကိုယ်တော်မြတ်၏ အထက်၌ ဗိတာန်မျက်နှာကြက်ပမာ လိုက်ပါကြကုန်၏။ အခြားသော လေတို့ကလည်း ထိုထိုအရပ်၌ ပွင့်သောပန်းများကို ယူဆောင် တိုက်ခတ်ခဲ့ကြ၍ ကြွသွားတော်မူရာ လမ်းတလျောက်၌ ပန်းမွေ့ရာ ကြဲဖြန့် ခင်းကြကုန်၏။ ပင်ကိုယ်က မြင့်မောက်နေသော မြေအရပ်တို့သည် အလိုလို နိမ့်ကျကာ တညီတညွတ်တည်း ဖြစ်ကြကုန်၏။ ပင်ကိုယ်က နိမ့်ဝှမ်းသော မြေအရပ်တို့သည် အလိုလိုမြင့်တက်ကာ တညီတညွှတ်တည်း ဖြစ်ကြကုန်၏။ ကျောက်တုံး ကျောက်ခဲ ကျောက်စရစ်များ အိုးခြမ်းကွဲများ သစ်ငုတ် ဆူးညောင့်များသည် သူတို့အလိုလို ဖယ်နှင့် ရှားနှင့်ကြကုန်၏။
ခြေတော်ကို မြေပေါ်သို့ ချနင်းသောအခါ
မြေအပြင်သည် ညီညွှတ်ပြီးသား ဖြစ်နေလေ၏။ သို့မဟုတ် အတွေ့ကောင်းသော ရထားလှည်းဘီး ပမာဏရှိသည့် ပဒုမာကြာပန်းကြီးများကသော်မူလည်း ခြေတော်အောက်က အသင့်ခံလင့်ကြကုန်၏။
ထိုထို မြို့ရွာ အဝင်၀ တံခါးခုံအတွင်း လင်္ကျာခြေတော်ကို ချထားမိလျှင်ပင် ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ ကွန့်မြူး ထွက်ကြွကုန်၏။ လေးထောင့်ပြသာဒ် အထွတ်တပ်သော တိုက်အိမ် အစရှိသည့် ထိုထိုအဆောက်အဦးများကို ရွှေရည်ဖြင့် သွန်းလောင်းအပ်ကုန်သကဲ့သို့၎င်း၊ ဆန်းကြယ်သော အဝတ်တို့ဖြင့် ရစ်ပတ် ဖုံးအုပ်အပ်ကုန်သကဲ့သို့၎င်း၊ အရောင်ပြိုးပြက် တလက်လက် ထွက်အောင်ပြုလုပ်ကြ၍ ထိုမှ ဤမှ ပြေးသွားကြကုန်၏။ ဆင်မြင်း ကျေးငှက်အစရှိသော တိရစ္ဆာန် သတ္တဝါတို့သည် မိမိမိမိတို့၏ နေရာဌာန၌ တည်နေကြရင်းကပင် ချိုမြိန်သာယာသော အသံကို တွန်ကြမြည်ကြ ဟီကြကုန်၏။ ထို့အတူပင် စည်စောင်းအစရှိသော တူရိယာမျိုးတို့သည်လည်း လူတို့က မတီးအပ်ပဲ သာယာသော အသံကို မြည်ကြကုန်၏။ လူတို့ ကိုယ်ဝယ် ဝတ်ဆင်ထားအပ်သည့် ပုတီး နားဋောင်း လက်ကောက် လက်ကြပ်စသော အဆင်တန်ဆာတို့ကလည်း အလိုလို သာယာသော အသံကို မြည်ကြကုန်၏။ ထိုအမှတ်သင်္ကေတဖြင့် လူတို့သည် “ယနေ့ မြတ်စွာဘုရားရှင်သည် ငါတို့မြို့ရွာသို့ ဆွမ်းခံ ကြွဝင်တော်မူလာပြီ” ဟု သိရှိကြကုန်၏။
ထိုလူတို့သည် အဝတ်ကောင်း အရုံကောင်းကို ဝတ်ကြရုံကြကုန်လျက် နံ့သာပန်း စသည်တို့ကို လက်စွဲကြကာ မိမိ မိမိတို့၏ အိမ်မှ အသီးအသီး ထွက်ကြ၍ မြို့လယ်လမ်းမသို့ တစုတရုံး သွားရောက်ကြလျက် မြတ်စွာဘုရားရှင်ကို နံ့သာပန်း စသည်တို့ဖြင့် ရိုသေစွာ ပူဇော်ရှိခိုးကြပြီးလျင် ”အရှင်ဘုရားတို့ဘုရား.... တပည့်တော်များအား ရဟန်းတော် ဆယ်ပါးပေးကြပါကုန်။ တပည့်တော်များအား ရဟန်းတော် နှစ်ကျိပ်ပေးကြပါကုန်။ တပည့်တော်များအား ရဟန်းတော် တရာပေးကြပါကုန်” စသည်ဖြင့် မိမိတို့ တတ်နိုင်သလောက် တောင်းယူကြပြီးလျင် မြတ်စွာဘုရားရှင်၏ သပိတ်တော်ကိုလည်း ယူဆောင်ကြ၍ နေရာတော် ခင်းကြပြီး ရိုသေစွာ ဆွမ်းပြုစု လုပ်ကျွေးကြလေသည်။
မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စပြုပြီးလတ်သော် ထိုလူများ၏ အတွင်းအဇ္ဈာသယဓာတ်နှင့် လိုက်လျောအောင် ကြည့်ရှု့တော်မူပြီးလျင် အချို့သရဏဂုံသုံးပါး၌ တည်အောင် အချို့ ငါးပါးသီလတို့၌တည်အောင် အချို့သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ်တို့တွင် တပါးပါး၌တည်အောင် အချို့ရဟန်းပြု၍ အရဟတ္တဖိုလ်၌ တည်ကြအောင် တရားဟောတော်မူလေ၏။ ဤနည်းဖြင့် လူများအပေါင်းကို အကျိုးရအောင် ချီးမြှောက်တော်မူပြီးမှ ကျောင်းသို့ ပြန်ကြွတော်မူလေသည်။
ကျောင်းတော်သို့ ရောက်သောအခါ နံ့သာတန်ဆောင်းဝန်းအတွင်း အသင့်ခင်းထားအပ်သော ဘုရားနေရာတော်၌ ရဟန်းတို့၏ ဆွမ်းကိစ္စပြီးဆုံးချိန်ကို ငံ့လင့်တော်မူကာ ထိုင်နေလေသည်။ ထို့နောက်မှ ရဟန်းတို့၏ ဆွမ်းကိစ္စပြီးဆုံးသောအခါ၌ အလုပ်အကျွေးရဟန်းသည် မြတ်စွာဘုရားရှင်အား (ရဟန်းတို့၏ ဆွမ်းကိစ္စပြီးဆုံးပါကြောင်း) ကြားလျှောက်လေသည်။ ထိုအခါမှာ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်သို့ ဝင်ကြွတော်မူလေသည်။
(ဤကား ပုရေဘတ္တကိစ္စ=နံနက်ခင်း ဗုဒ္ဓလုပ်ငန်းစဉ် ဖြစ်သည်။ ဤနေရာ၌ မဖေါ်ပြအပ်သော ဗုဒ္ဓကိစ္စ အသေးစိတ်လုပ်ငန်းစဉ်များလည်း ကျန်ရှိသေး၏။ ထိုလုပ်ငန်းစဉ်များကို မဇ္ဈိမပဏ္ဏာသပါဠိတော် ဗြဟ္မာယုသုတ်၌ ဟောတော်မူသည့်အတိုင်း မှတ်ယူရာ၏။)
အချုပ် =
(၁) အိပ်ယာတော်မှ ထတော်မူပြီး ကိုယ်လက်သုတ်သင်တော်မူသည်
(၂) ဆွမ်းခံကြွဝင်တော်မူသည်
(၃) ဆွမ်းဒကာများကို အနုမောဒနာတရား ဟောကြားတော်မူသည်
x x x x x
(၂) ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ = ဆွမ်းစားပြီးနောက် ဗုဒ္ဓလုပ်ငန်းစဉ်
ထို့နောက်မှ မြတ်စွာဘုရားရှင်သည် နံနက်ခင်း ဆွမ်းကိစ္စကိုပြုပြီးလတ်ရကား ဂန္ဓကုဋိကျောင်းတော်အနီး အလုပ်အကျွေးရဟန်း ခင်းထားအပ်သောနေရာ (ရဟန်းတော်တို့ ညီမူဆည်းပူးရာ)၌ ထိုင်နေတော်မူကာ ခြေတော်တို့ကို ဆေးကြောတော်မူ၍ ခြေဆေးအင်းပြင်၌ ရပ်တော်မူရင်းကပင် ရဟန်းသံဃာကို-
“ရဟန်းတို့…. အပ္ပမာဒတရားဖြင့် သိက္ခာသုံးပါးကို ပြည့်စုံအောင် ကြိုးစားအားထုတ်ကြကုန်လော့။ လောက၌ မြတ်စွာဘုရားရှင် ဖြစ်ပွင့်တော်မူရာ အခါကာလကို ရခဲလှ၏။ လူ့အဖြစ်ကိုလည်း ရခဲလှ၏။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကိုလည်း ရခဲလှ၏။ ရှင်ရဟန်းအဖြစ်ကိုလည်း ရခဲလှ၏။ သူတော်ကောင်းတရား နာကြားရခြင်းကိုလည်း (ကြားနာရန်အခွင့်ကိုလည်း) ရခဲလှ၏။ဟု အပ္ပမာဒ သြဝါဒဒေသနာဖြင့် ဆုံးမတော်မူလေသည်။
ထိုအစည်းအဝေး၌ အချို့ရဟန်းတို့က မြတ်စွာဘုရားရှင်တို့ ကမ္မဌာန်းတရား လျှောက်ထားမေးမြန်းကြလေသည်။ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့အား စရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူလေသည်။ ထို့နောက်မှ ရဟန်းအားလုံးပင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးနောက် မိမိ မိမိတို့၏ နေ့သန့်ရာဌာနများ ညဉ့်သန့်ရာဌာတို့သို့ အသီးအသီး ဖဲသွားကြလေသည်။ အချို့ကတောအရပ်သို့ အချို့က သစ်ပင်ရင်းသို့ အချို့က တောင်စသည်တို့တွင် တပါးပါးသောအရပ်သို့ အချို့က စတုမဟာရာဇ်နတ်ပြည်သို့ အချို့က တာဝတိ ံသာနတ်ပြည်သို့ ယာမာနတ်ပြည် တုသိတာနတ်ပြည် နိမ္မာနရတိနတ်ပြည် ပရနိမ္မိတဝသ၀တ္တိနတ်ပြည်သို့ ဖဲသွားကြလေသည်။
ထို့နောင်မှ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋိကျောင်းတော်သို့ ဝင်၍ အလိုတော်ရှိလျင် လင်္ကျာနံတောင်းဖြင့် သတိသမ္ပဇဉ် လက်မလွတ်ပဲ တခဏမျှ မြတ်သော လျောင်းစက်မှု ပြုတော်မူ၏။
ထို့နောက်သက်သာစေအပ်ပြီးသော ကိုယ်တော်ရှိကာ လျောင်းတော်မူရာမှ ထပြီးလျှင် (နေ့၏) ဒုတိယပိုင်း၌ သတ္တလောကကို ကြည့်ရှုဆင်ခြင်တော်မူ၏။ (နေ့၏) တတိယပိုင်း၌မူ ဂေါစရဂါမ်အမှီပြု၍ နေရာ ထိုထိုမြို့ရွာ၌ နေထိုင်ကြသူ လူများအပေါင်းတို့သည် နံနက်ခင်း အလှူပေးကြပြီးနောက် မွန်းလွဲသောအခါ အဝတ်ကောင်း အရုံကောင်း ဝတ်ရုံကြလျက် နံ့သာပန်းစသည်တို့ကို လက်စွဲကြကာ ကျောင်းတိုက်တော်အတွင်း၌ တရားနာရန် လာရောက် စည်းဝေးကြလေ၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် ရောက်ဆိုက်လာသော ပရိသတ်အား သင့်လျော်လျောက်ပတ်သော တန်ခိုးပြာဋိဟာဖြင့် ကြွရောက်တော်မူကာ တရားသဘင် (=တရားဟောရာ တန်ဆောင်းဝန်း)ဝယ် ခင်းထားအပ် မြတ်သော ဘုရားနေရာတော်၌ ထိုင်နေတော်မူကာ အချိန်ကာလ အတိုင်းအရှည်ပမာဏနှင့် သင့်လျော်လျောက်ပတ်သော တရားစကား ဟောကြားတော်မူပြီးနောက် အခါကို သိတော်မူကာ ပရိသတ်ကို လွှတ်လိုက်လေသည်။ လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် ဖဲသွားကြလေ၏။
(ဤကား ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ = ဆွမ်းစားပြီးနောက် နေ့ပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်တည်း)
အချုပ် =
(၁) ရဟန်းများကို သတိပေးတရားဟောတော်မူပြီး ကမ္မဋ္ဌာန်းတရားပေးတော်မူသည်
(၂) ခေတ္တခဏမျှ လျောင်းစက်အနားယူတော်မူသည်
(၃) သတ္တလောကကို ကြည့်ရှုဆင်ခြင်တော်မူသည်
(၄) လာရောက်ကြသည့် ပရိသတ်များကို တရားဟောတော်မူသည်။
x x x x x
(၃) ပုရိမယာမဗုဒ္ဓကိစ္စ= ညဉ့်ဦးယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်
မြတ်စွာဘုရားရှင်သည် ဤသို့ ပစ္ဆာဘတ္တကိစ္စ= ဆွမ်းစားပြီးနောက် နေ့ပိုင်းဗုဒ္ဓလုပ်ငန်းစဉ်တို့ကို ဆောင်ရွက်ပြီးသော် ကိုယ်တော်ကို ရေချိုးတော်မူလိုလျင် ဗုဒ္ဓါသန= ဘုရားနေရာတော်မှ ထခဲ့၍ အလုပ်အကျွေးရဟန်း ချိုးတော်ရေ စီမံရာဌာနသို့ ကြွရောက်ပြီးလျှင် အလုပ်အကျွေး ရဟန်း၏လက်မှ ရေသနုပ်ကို ယူတော်မူ၍ ရေချိုးအိမ်သို့ ဝင်တော်မူလေသည်။
ထိုသို့ မြတ်စွာဘုရားရှင် ရေသုံးသပ်တော်မူချိန်မှာပင် အလုပ်အကျွေးရဟန်းသည်လည်း ဘုရားနေရာတော်ကို ယူဆောင်ခဲ့၍ ဂန္ဓကုဋိ ပရိဝုဏ်အတွင်း၌ ခသ်ဒထယဒလေ၏။ မြတ်စွာဘုရားရှင်သည် ကိုယ်တော်ကို ရေသုံးသပ်တော်မူပြီးလျှင် ကောင်းစွာ တပ်ဆိုးအပ်သည့် နှစ်ထပ်သင်္ကန်းကို ဝတ်တော်မူ၍ ခါးပန်းကို ပန်ပြီးလျှင် ကိုယ်ဝတ်စံပယ်တင် (လက်ကန်တော့ထိုး)တော်မူလျှင် တပါးတည်းပင် ထိုဂန္ဓကုဋိ ပရိဝုဏ်အတွင်း ခင်းထားအပ်သော ဘုရားနေရာတော်၌ တခဏမျှ အပန်းဖြေကာ ထိုင်နေတော်မူလေသည်။
ခဏကြာသောအခါ ရဟန်းတို့သည် ထိုထိုနေ့သန့်ရာ ညဉ့်သန့်ရာ အရပ်တို့မှ အသီးအသီး လာရောက်ကြကာ မြတ်စွာဘုရားရှင်အား ဆည်းကပ်ခစားကြကုန်၏။ ထိုအစည်းအဝေး၌ အချို့သော ရဟန်းတို့က ပြဿနာမေးလျှောက်ကြ၍ အချို့သော ရဟန်းတို့က ကမ္မဋ္ဌာန်းတရား မေးမြန်းလျှောက်ထားကြလေသည်။ အချို့သောရဟန်းတို့က တရားနာဖို့ရန် (=တရားဟောပါမည့် အကြောင်း) တောင်းပန် လျှောက်ထားကြလေသည်။ မြတ်စွာဘုရားရှင်သည် ထိုပြဿနာမေးလျှောက်သော ရဟန်း ကမ္မဋ္ဌာန်းတရားမေးလျှောက်သောရဟန်း တရားနာရန် (တရားဟောပါမည့်အကြောင်း) တောင်းပန်လျှောက်ထားကြသော ရဟန်းအားလုံးတို့၏ လိုလားတောင့်တချက်ကို ပြည့်စုံအောင် ချီးမြှောက်တော်မူလျက် ညဉ့်ဦးယံ အချိန်ပိုင်းကို ကုန်လွန်စေတော်မူလေသည်။
အချုပ် -
(၁) နေ့ခင်းကိစ္စပြီးလျှင် ရေချိုးလိုက ရေချိုးတော်မူခြင်း
(၂) ဂန္ဓကုဋိတော်တွင် နားနေလျက် - ပြဿနာများကို ဖြေပေးခြင်း၊ ကမ္မဋ္ဌာန်းလိုချင်သူကို ကမ္မဋ္ဌာန်းပေးခြင်း၊ တရားနာလိုသူကို တရားဟောပေးခြင်းများကို ပြုတော်မူသည်။
x x x x x
(၄) မဇ္ဈိမယာမ ဗုဒ္ဒကိစ္စ = သန်းခေါင်ယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်
ညဉ့်ဥိးယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ် ပြီးဆုံးသဖြင့် ရဟန်းတော်များ မြတ်စွာဘုရားရှင်ကို ရှိခိုးဝတ်ပြု၍ ဖဲသွားကြလေသော် ဇာတိခေတ် စကြာဝဠာပေါင်း တိုက်တသောင်း၌ နေထိုင်ကြသော နတ်ဗြဟ္မာတို့သည် အခွင့်ရကြသဖြင့် မြတ်စွာဘုရားရှင်အထံတော်သို့ ဆည်းကပ်ကြပြီးလျင် မိမိတို့ စီရင်ဆင်ခြင် စဉ်းစားခဲ့ကြသည့် အမေးပုစ္ဆာ ပြဿနာများကို အယုတ်သဖြင့် အက္ထရာလေးလုံးမျှရှိသည့် ပြဿနာကိုသော်လည်း မေးမြန်းလျှောက်ထားကြလေသည်။ မြတ်စွာဘုရားရှင်သည် ထိုထိုနတ်ဗြဟ္မာတို့ကို တခုမကျန် ဖြေရှင်းတော်မူကာ မဇ္ဈိမယံ (=သန်းခေါင်းယံ)အချိန်ကို ကုန်လွန်စေတော်မူလေသည် (ဤကား မဇ္ဈိမယာမ ဗုဒ္ဒကိစ္စ = သန်းခေါင်ယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်တည်း)
အချုပ် =
နတ်ဗြဟ္မာများအား တရားဟောကြားတော်မူသည်။
x x x x x
(၅) ပစ္ဆိမယာမဗုဒ္ဓကိစ္စ= မိုးသောက်ယံပိုင်း ဗုဒ္ဓကိစ္စ
ပစ္ဆိမယံ=မိုးသောက်ယံ) အချိန်ပိုင်းကို သုံးပိုင်း ပိုင်း၍ နံနက်အချိန်မှ အစပြုကာ ထိုင်နေခြင်း ဣရိယာပုထ်ဖြင့် နှိပ်စက်အပ်သည့် ရူပကာယကိုယ်တော်မြတ် အပင်အပန်းအနွမ်းအနယ် ပြေပျောက်စေရန် တပိုင်းတပုံ အချိန်ကို စင်္ကြန်ကြွသွားခြင်းဖြင့် ကုန်လွန်စေတော်မူသည်။
ဒုတိယပိုင်းအချိန်၌ ဂန္ဓကုဋီကျောင်းတော်သို့ဝင်၍ လင်္ကျာနံတောင်းဖြင့် သတိသမ္ပဇဉ် လက်မလွတ်ပဲ မြတ်သောလျောင်းစက်မှုကို ပြုတော်မူလေသည်။
တတိယပိုင်းအချိန်၌ လျောင်းတော်မူရာမှ ထပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၍ ရှေးရှေးဘုရားရှင်တို့၏ အထံ၌ ဒါနသီလအစရှိသောအားဖြင့် အဓိကာရ (အထိကရ) ကုသိုလ်ထူး ပြုခဲ့ဖူးသော ပုဂ္ဂိုလ်များကို ပိုင်းခြားထင်ထင် လင်းလင်းမြင်ရန် အာသယာနုသယညာဏ် ဣန္ဒြိယပရောပရိယတ္တိညာဏ် တည်းဟူသော ဗုဒ္ဓစက္ခုတော်အစုံဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလေသည်။၏
ဤကား သံယုတ်အဋ္ဌကထာ သီလက္ခန်အဋ္ဌကထာ စသည်တို့၌ ဖွင့်ပြပုံတည်း။
သုတ္တနိပါတ်အဋ္ဌကထာ၌ ဖွင့်ပြပုံမှာ… မိုးသောက်ယံအချိန်ပိုင်းကို လေးပိုင်းပိုင်း၍ ပထမအချိန်ပိုင်း၌ စင်္ကြန်ကြွတော်မူသည်။
ဒုတိယအချိန်ပိုင်း၌ ဂန္ဓကုဋိကျောင်းတော်သို့ ဝင်၍ လင်္ကျာနံတောင်းဖြင့် သတိသမ္ပဇဉ် လက်မလွတ်ပဲ မြတ်သော လျောင်းစက်မှုကို ပြုတော်မူသည်။
တတိယအချိန်ပိုင်း၌ အရဟတ္တဖိုလ် ဖလသမာပတ်ကို ဝင်စားတော်မူသည်။
စတုတ္ထအချိန်ပိုင်း၌ မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူပြီးလျှင် အပ္ပရဇက္ခသတ္တဝါ မဟာရဇက္ခသတ္တဝါစသည်တို့ကို လင်းလင်းထင်ထင် မြင်နိုင်ဖို့ရန် ဖေါ်ပြရာပါ ဗုဒ္ဓစက္ခုတော်အစုံဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလေသည်။
==========================================================
္တတိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ဦးစီးရေးသားသည့် နိုင်ငံတော် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင် စတုတ္ထတွဲမှ ဖေါ်ပြပါသည်။
(Credit to dhammaweb)
0 မွတ္ခ်က္:
Post a Comment