တို့ကား ထူထပ်စွာကျနေသောကြောင့် ကိုက်သုံးရာအဝေးတွင်ပင် ကောင်းစွာမမြင်ရ။ထိုအအေးဓာတ်နှင့် မြူနှင်းမံှုတို့ကိုအန်တုပြီး ဇောချွေးများပင်ပြန်နေသော သူတစ်ယောက်ကလည်းရှိနေပြန်သေး သည်။ သူမသည် လုံချည်
ကိုတောသူဆန်စွာ တိုတိုဝတ်၍ အင်္ကျ ီခပ်ပါးပါးပေါ်တွင် ဝါဂွမ်းဖြင့်ပြုလုပ်ထားသော ဖျင်ကြမ်းအင်္ကျ ီတစ်ထည်ကို ဝတ်
ဆင်ထားသည် ။ အချိုးမကျစွာလိမ်းခြယ်ထားသော ရှင်မတောင်သနပ်ခါးထူထူများက မျက်နှာပေါ်တွင် ဟိုတစ်စု၊ သည်
တစ်စု။ လေးလံမည်ထင်ရသော ထန်းခေါက်ဖာတစ်လုံးကို ခေါင်းပေါ်တွင်ကျွမ်းကျင်စွာရွက်၍ ဦးပိန်တံတားပေါ်မှ ခပ်
သုတ်သုတ်လျှောက်လာသည်။ သူမသည် ဦးပိန်တံတားကို ဖြတ်ကျော်ကာ လမ်းမကြီးအတိုင်းလျှောက်လာပြီး ဘယ်ဘက်သို့တစ်ဆစ်ချိုးလိုက်သည် ။ ထို့နောက် ကျောင်းသားများနေသော အဆောင်တစ်ဆောင်၏ရှေ့တွင်မတ်တပ်
ရပ်လိုက်ပြီး ခေါင်းပေါ်မှ ထန်းခေါက်ဖာကို အောက်သို့ခဏချလိုက်သည်။ အဆောင်၏အတွင်းသို့ မဝင်သေးပဲ ထန်းခေါက်ဖာ၏ ဘေးတွင် ခြေပစ်လက်ပစ်ထိုင်လိုက်ကာ
ထန်းခေါက်ဖာရွက်ရာတွင်သုံးသည့် ခေါင်းမြှီးစုတ်ကို ဖြည်၍
ချွေးပြန်နေသော သူမ၏မျက်နှာကို သုတ်လိုက်ပြီး ချွေးများခြောက်သွေ့စေရန် ခေါင်းမြှီးစုတ်ဖြင့်ယပ်ခတ်လိုက်သည်။
အတန်ကြာသောအခါတွင် သူမသည် အဆောင်၏အတွင်းသို့ ဂဏာမငြိမ်စွာကြည့်၍ တစ်စုံတစ်ခုကို ရှာဖွေနေ၏။ တွန့်ကြေနေသော အဝတ်အစားများက သူမကို အခြေခံလူတန်းစားအဖြစ် ဖော်ပြလျှက်ရှိပြီး နေလောင်သောမျက်နှာ၊
အက်ကွဲနေသောခြေဖနောင့်နှင့် ဖိနပ်စီးမထားပဲ လုံချည်ကိုတိုတိုဝတ်ထားသည်က တောသူတစ်ယောက်ဖြစ်သည်ကို သက်သေပြနေသယောင်ပင်။
“ ကြွက်နီ ၊ ကြွက်နီ ’’
သူမက ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြားအသံဖြင့် အဆောင်၏အတွင်းသို့ အော်ခေါ်လိုက်သည်။ တစ်ဖက်မှ ပြန်ထူးသံမ
ကြားရ၍ အသံကို ပုံမှန်ထက် ကျယ်လောင်စွာ အော်ခေါ်လိုက်ပြန်သည်။
“ ကြွက်နီ ၊ ဟေ့ ကြွက်နီ မထသေးဘူးလား ”
“ ဘယ်က ကြွက်နီလဲ မရှိဘူး၊ ဒါ ကျောင်းသားတွေနေတဲ့အဆောင် ”
ခေါင်းမွှေးစုတ်ဖွားနှင့် ကျောင်းသားတစ်ယောက်က ပြူတင်းပေါက်ကိုဖွင့်၍ ဒေါသဖြင့်အော်ပြောလိုက်သည်။ ဒါကို သူမက အလိုက်မသိပဲ
“ ဟဲ့ ဘယ်က ကြွက်နီရမှာလဲ ငါ့သားပေါ့ဟဲ့၊ မကျည်းကုန်းရွာကလေ တက္ကသိုလ်တက်နေတဲ့ကျောင်းသားဟဲ့ ၊ သူ့အမေရောက်နေတယ်လို့ ပြောပေးပါ ”
“ ဟာ ကြွက်နီဆိုတာ မရှိပါဘူးဆို၊ ရှုပ်ရှုပ်ရှပ်ရှပ် နံနက်စောစော ကျက်သရေကို မရှိဘူး ”
“ အောင်မယ် အောင်မယ် ၊ ငါ့ကိုများ ကျက်သရေမရှိဘူးတဲ့ ၊ မြကြည်ဟဲ့ မြကြည် မကျည်းကုန်းရွာမှာ တစ်ကြည်ထဲရှိ
တယ်၊ ဘုရားနဲ့တရားနဲ့နေတာ ဘယ်သူ့ဥစ္စာမှမခိုးဘူး ၊ လူက ပိစိကွေးပဲရှိသေးတယ် ကိုယ့်အမေအရွယ်ကို ပြောလိုက်
တာများ ”
“ဒီမှာ အဖွားကြီး ခင်ဗျားအိတ်ကောက်မယ်ဆိုရင် တံခွန်တိုင်ဘက်မှာ အမိုက်ကုန်းဆိုတာရှိတယ်၊ အဲဒီမှာသွား ။ ဒီမှာ ရေသန့်ဘူးခွံ အိတ်ခွံမရှိဘူး ”
တဖက်က ကျောင်းသား၏ ပြောစကားကြောင့် ဒေါ်မြကြည်ဒေါသထောင်းခနဲထွက်သွားသည ်။ ရေသန့်ဘူးနှင့်အိတ်
ကောက်သူက ဘယ်လိုလူမျိုးဆိုတာမသိပေမယ့် တီဗွီထဲမှာ အဲလိုအပြောခံရသူတိုင်း မကျေမနပ်ဖြစ်သည်ကိုမြင်၍ မကောင်းတာပြောသည်ကိုတော့ သိသည်။
“ ကြည့်စမ်းကြည့်စမ်း ၊ ကျောင်းသားဖြစ်နေပြီးတော့ ယဉ်ကျေးမှုမရှိလိုက်တာ ၊ မိမဆုံးမ ဖမဆုံးမကောင်လေးပဲ”
ဒေါ်မြကြည်က ဒေါသဖြင့် တစ်ရပ်ကွက်လုံးကြားအောင်အော်ပြောသည်။ ဒေါ်မြကြည်နှင့် ကျောင်းသား အချီအချပြောသံ
ကြောင့် အဆောင်ရှိကျောင်းသားများက ဝရန်တာဘက်ထွက်ကာ ဝိုင်းကြည့်နေကြသည်။ အနီးနားတွင်ရှိသော မိန်းကလေးအဆောင်များကလည်း တစ်ယောက်စ နှစ်ယောက်စဖြင့် ဝိုင်းကြည့်သူများလာသည်။ ထိုတွင် ဒေါ်မြကြည်နှင့်
ကျောင်းသား အချေအတင်ပြောသည့်အဆောင်မှ ကျောင်းသားတစ်ယောက် ထွက်လာကာ “ ဟာ ဒါငါ့အမေကွ ” ဟု
ပြောပြီး ဒေါ်မြကြည်ထံ အပြေးအလွှားသွားလေသည်။ အနားသို့ရောက်သောအခါ
“ အမေကလည်းဗျာ ဒီအချိန်ကျောင်းသားတွေ အိပ်ရာမထသေးဘူးဆိုတာမသိဘူးလား၊ ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအသံ
ကြီးနဲ့ အပြောခံရတာတောင်မနည်းဘူး ”
အမောမပြေသေးသော ဒေါ်မြကြည်ကို ပစ္စည်းများကူသယ်ပြီး အထဲဝင်ခိုင်းမည်မကြံပဲ ဆီးကြို၍ အပြစ်တင်လိုက်
သောကြောင့် ဒေါ်မြကြည်၏မျက်နှာ ကွက်ခနဲပျက်သွားသည် ။ သို့သော် သား၏မျက်နှာကိုမြင်လိုက်ကတည်းက အမော
ပြေလုလုဖြစ်နေသောကြောင့် ပုံမှန်ထက်ပို၍ ပြုံးပြလိုက်သည်။
“ အံမယ် ငါ့သားတောင် စကားတွေတက်လာပြီပဲ ”
“ စကားတတ်တာမဟုတ်ဘူးဗျ ၊ ဒေါသထွက်လို့ပြောနေတာ ။ ဒါက တောမဟုတ်ဘူး ။ ရွာမှာလို ခုနှစ်အိမ်ကြား ရှုစ်အိမ်
ကြားအော်ပြောလို့ရတာမဟုတ်ဘူး ”
ဒေါ်မြကြည်စိတ်ထိခိုက်သွားသည် ။ အလာတုန်းက နှင်းမှုံကြားထဲမှာမအေးပဲ အခုမှ အေးသက်သက်ဖြစ်နေသလို ခံစားလာရသည်။ ကြယ်သီးမပါသောကြောင့် ရင်ဘတ်ဟနေသောအနွေးထည်နှစ်စကို ဆွဲကပ်လိုက်သည်။
“ အေးပါသားရယ် အမေနောက်တစ်ခါဆင်ခြင်ပါ့မယ်”
“ ဆင်ခြင်ပါ့မယ် ဆင်ခြင်ပါ့မယ်နဲ့ အရင်နေတဲ့အဆောင်ကနေပြောင်းလာတာလဲ အမေ့ကြောင့်ပဲ ။ လူကြားထဲကြွက်နီ
ဆိုတဲ့နာမည်ကြီးမခေါ်ပါနဲ့လို့ပြောတာ မရဘူး။ အမေ နောက်တစ်ခါ ဘာအကြောင်းပဲရှိရှိ ကျုပ်ဆီမလာနဲ့တော့ ”
“ သား အမေ့ကို တကယ်ပြောနေတာလား ”
ဒေါ်မြကြည်အသံက ပြိုကျတော့မည့်မိုးသံနှယ် ။ အမှတ်မထင်ကျလာသည့်မျက်ရည်ကို တစ်ဖက်သို့ လှည့်ကာ သားဖြစ်သူမမြင်အောင် ခပ်မြန်မြန်သုတ်လိုက်သည်။
“ အဟုတ်ပြောနေတာ ၊ ဘယ်သွားသွား ဟောဒီလုံချည်အစုတ်နဲ့ ။ ဖိနပ်က မပါဘူး ။ လုံချည်ဝတ်တာတောကျတဲ့အပြင် လိမ်းထားတဲ့သနပ်ခါးက အချိုးကိုမကျဘူး။ ခင်ဗျားကြောင့် သူငယ်ချင်းတွေကကျုပ်
ကို ဝိုင်းပြီးဟားနေတာ ။ ခုချိန်ထိ အရှက်ခွဲလို့မဝသေးဘူးလား ”
“ အေးပါသားရယ် သားမကြိုက်ရင် အမေ ဒါတွေဝတ်မလာတော့ပါဘူး ။ အို့ နောက် သားဆီမလာတော့ပါဘူး
ကွယ်”
ဒေါ်မြကြည် သားရှေ့မျက်ရည်မကျအောင် စိတ်ကို ထိန်းချုပ်ထားရသည်။ လျှာကို အံသွားနှင့်နာကျင်စွာဖိကိုက်၍ ရှိသမျှအားနှင့် ဖျစ်ညှစ်ပြီးပြုံးပြနေသည်။
“ ပြီးတာပဲ ၊ နောက်တစ်ခါ ကျုပ်ကို အဆိုးမဆိုနဲ့ ။ ဘယ်မလဲ ကျုပ်မှာလိုက်တဲ့ ပိုက်ဆံ ”
ဒေါ်မြကြည်က လုံချည်အလိပ်ထဲတွင် လက်ကိုင်ပုဝါအနွမ်းနှင့် ထုပ်ထားသော ပိုက်ဆံများကို ထုတ်ပေးလိုက်သည်။
“ ဒါပဲ မို့လား ၊ ကျုပ်သွားတော့မယ် ”
“ နေဦးလေ အမေပြန်ဖို့ လမ်းစရိတ် ”
“ ဟာဗျာ ရွာက ကားနဲ့ပြန်မှာပဲ ။ အကြွေးစီးသွား ရွာရောက်မှပြန်ပေးလိုက် ”
“အော် အေးအေး ၊ ဟုတ်သားပဲ ။ ဒါနဲ့ ဒီမှာ ငါးပိကြော်ဗူးတွေ ယူသွားဦးလေ ”
“ မလိုတော့ဘူး ပြန်သယ်သွား၊ မသယ်ချင်ရင် ခွေးကျွေးပစ်လိုက် ”
ခါးသီးသော သားဖြစ်သူ၏ စကားသံကြောင့် ဒေါ်မြကြည်ခမျာ တင်းထားသည့်အားပင် ပြတ်လုမတတ်ဖြစ်သွားသည်
။ မန္တလေးမြို့ကြီးနှင့်ဝေးသော တောရွာကနေလာခဲ့ရသောမိခင်တစ်ယောက်အဖို့ သားဖြစ်သူဆီမှနွေးထွေးသည့်ဆီးကြိုမှု
မရခဲ့ပဲ သားဖြစ်သူ၏ အလိုမကျမှုတွေသာရလာခဲ့သည် ။ သားဖြစ်သူကလည်း သားဖြစ်သူပင်။ အဆောင်ထဲဝင်ပါဦး ။
အမေနေကောင်းလား။ အလုပ်အကိုင်ကော အဆင်ပြေလား ဆိုတာပင်မမေး။ အဆောင်တွင်းသို့ ချာခနဲလှည့်ထွက်သွား
သော သားဖြစ်သူ၏ ကျောပြင်ကိုကြည့်ပြီး ဒေါ်မြကြည် မျက်ရည်များမထိန်းနိုင်တော့။
“ အော် သားရယ် ။ အမေက တောသူတစ်ယောက်ဖြစ်နေလို့ သားကရှက်နေတာလား ။ ကြွက်နီဆိုတဲ့ ငယ်နာမည်
ကြောင့် သားက ရှက်နေတာလားဟင် ။ သားရဲ့အမေ ဟောဒီတောသူမကြီးက နေပူ မိုးရွာမရှောင် ရွာနီးစပ်တွေမှာ လှည့်
လည်ပြီး အကြော်ရောင်းနေသူမို့ လုံချည်ကိုတိုတိုဝတ်ထားတာပါ။ ဟောဒီကအကြော်သည် လို့ ခုနှစ်အိမ်ကျော် ရှစ်အိမ်
ကျော် အော်ရတဲ့ အကြော်သည်မပါ သားရယ်။ ငယ်ငယ်က အမေ့လက်ကိုစွဲပြီး အမေသွားတဲ့ရွာတိုင်းမှာသားကိုခေါ်ဖို့
သားကိုယ်တိုင်ပြောခဲ့ပေမယ့် ခုတော့ သားကိုမွေးပေးခဲ့တဲ့ ဟောဒီကအကြော်သည်မကို သားက အမေလို့လူကြားထဲ
ပြောရမှာ ရှက်နေတာလားဟင်။ အကြော်သည်မသားဆိုတာ သားသူငယ်ချင်းတွေသိသွားမှာစိုးလို့ ရှက်နေတာလား ”
ဒေါ်မြကြည် ရင်ထဲကပြောလိုက်ခြင်းဖြစ်သည်။ သားဖြစ်သူ၏ ရန်သူတစ်ယောက်လိုဆက်ဆံသည့်အမူအရာ
ကြောင့် ဒေါ်မြကြည်ရင်ထဲ အူမကြီးများ ပြတ်သကဲ့သို့ခံစားရသည်။ သားမျက်နှာကိုမြင်ချင်သည့် စိတ်ကြောင့်သာ မိုင်
ပေါင်းများစွာ ကွာဝေးသည့် ဟောသည်ရတနာပုံတက္ကသိုလ်ကျောင်းကြီးကို အသက်ကြီးရင့်သူအနေဖြင့် စွန့်စားပြီးလာခဲ့
ရသည်။ ယခုမူ စိတ်ကူးယဉ်မှုနှင့် တခြားစီပင်ဖြစ်နေတော့သည်။ နှေးကွေးသည့် ခြေလှမ်းများဖြင့် ဒေါ်မြကြည်ခမျာ ရွာ
ကားဂိတ်ကိုသွားယုံမှလွဲ၍ တခြားမရှိတော့။ အော့် ကားခကိုလည်း ရွာရောက်မှ ပေးမည်ဆိုတာ လူတွေကြားထဲ တောင်း
ပန်ရပေဦးမည်။
☺☺☺+++++++++++++++++++++☺☺☺
“ ဟူး့”
“ ဟဲ့ မြကြည်၊ သက်ပြင်းတွေလှချည်လား။ သားဆီသွားတာ အဆင်မပြေလို့လား ”
“ မဟုတ်ပါဘူး နွဲ့ပိုရယ် ၊ တခြားတွေးနေတာပါ။ ကျုပ်သားဆီသွားတာအဆင်ပြေတာပေါ့ ။ ကျုပ်သားက တက္ကသိုလ်
ကျောင်းသားလေ”
ဒေါ်မြကြည်က သားအကြောင်းပြောရမည်ဆိုလျှင် မောသည်ဟူ၍မရှိ။ ကြွားတာမဟုတ်သော်လည်း ဘယ်သူနှင့်
ပြောပြော ငါ့သားက တက္ကသိုလ်ကျောင်းသားလေ ဆိုသည်ကို အမြဲလိုလိုထည့်ပြောတတ်သည်။
“ ညည်းကလည်းအေဟဲ့ ဒီတက္ကသိုလ်ကြီးပဲ ထည့်ထည့်ပြောနေတာပဲ ”
“ အော် ကျုပ်သားက ပညာတတ်တစ်ယောက်ကိုး။ ပြောရမှာပေါ့ ဟုတ်ဘူးလားတော် ”
“ ပြောပါ ပြောပါ၊ ဒါနဲ့ ဟိုလေ ။ ဟိုနေ့က ညည်းသားသွားပေးဖို့ချေးထားတဲ့ငွေ အဆင်များပြေပြီလားလို့ ”
နွဲ့ပိုကပြောလိုက်တော့ ဒေါ်မြကြည်မှိုင်သွားသည်။ သားဆီကပြန်လာကတည်းက ဒီရက်ပိုင်းမှာ အကြော်ကလည်း
ရောင်းမကောင်း။တစ်ချို့ရက်များဆိုလျှင် ဖောက်သည်နည်း၍ အရင်းပင်မကျေ။တစ်ခါတစ်လေမှာတောင် ချက်စရာဆန်
မရှိ၍ ရွာရှေ့ဖျားက မောင်ဖြစ်သူထံပင် သွားသွားချေးနေရသည်။
“ နည်းနည်းလောက်စောင့်ပါဦးနွဲ့ပိုရယ်၊ ကျုပ်သားကျောင်းပြီးလို့ အလုပ်ဝင်ရင် အတိုးပါတစ်ခါတည်းဆပ်ပါ့မယ်”
“ ယုံလောက်အောင်ပြောပါမြကြည်ရယ်၊ တော့်သားက ခုချိန်ထိ မိဘဆီကိုလက်ဖြန့်တောင်းတုန်းပဲလေ။ ဦးသာဘုသား
လို ကျောင်းတတ်ရင်း အလုပ်လုပ်တာလဲမဟုတ်ပဲနဲ့။ ဆန်ကုန်မြေလေး သက်သက်ပါပဲအေဟဲ့ ”
“ နွဲ့ပို ညည်းကျုပ်သားကို အဲလိုမပြောပါနဲ့။ ကျုပ်သားကပညာတတ်ဟဲ့။ သာဘုသားလို သူများဆီမှာ အောက်ကျို့ခံစ
ရာလား”
“ ဟဲ့ အလုပ်ပိုင်ရှင်မဟုတ်ရင် အလုပ်တိုင်းက အောက်ကျို့ခံရတာချည်းပဲ။ ပညာတတ်တွေ ပညာမဲ့တွေ ရွေးမနေပါဘူး။ တော့်သားကိုက့”
“ တော်ပြီနွဲ့ပို ၊ ညည်းတော်ပြီ။ ညည်းဆီက ချေးထားတာအကုန်လုံး ညနေရွာတောင်ဘက်က လက်ကျန်လယ်ကိုပေါင်ပြီး
လာပေးမယ်။ ညည်းကျုပ်သားမကောင်းကြောင်းကို ဘယ်တော့မှမပြောနဲ့။အေး ကျုပ်သားမကောင်းကြောင်း ပြောတဲ့နေ့
ဟာ ညည်းပါးကွဲတဲ့နေ့ပဲ”
ဒေါ်မြကြည်က ဒေါသဖြင့်ပြောသောကြောင့် ဒေါ်နွဲ့ပိုခမျာ မကြောက်သော်လည်း ရန်မဖြစ်ချင်၍ ထိုနေရာမှထသွား
သည်။ စိတ်ထဲမှာတော့ ကျေနပ်သည်မဟုတ်လှချေ။ ဒေါ်မြကြည်မှာကား ထမီကို တိုတိုဝတ်ကာ ခါးထောက်လျှက်မုန်ယို
နေသောဆင်ကဲ့သို့ကြည့်နေသည်။ အကယ်၍ နွဲ့ပိုများ သားမကောင်းကြောင်းဆက်၍ပြောမည်ဆိုလျှင် နပမ်းလုံးမည့် ပုံစံတည်း ။
☺☺☺+++++++++++++++++++☺☺☺
“ ဒေါ်မြကြည် ၊ တော့်သားက ဘွဲ့ရတော့မှာဆို ”
“ အေးပေါ့ ဂျမ်းစိန်ရဲ့၊ ကျုပ်သားက ဘွဲ့ရတော့မှာ။ ဟိုတစ်နေ့က သားဆီသွားတာလေ။ အမလေး သားက ချောပြီးခန့်လို့။ မျက်မှောင်ကြီးကုတ်ပြီးတော့ စဉ်းစားနေပုံကလေ သွားလေသူသူ့အဖေကြီးနဲ့တောင်တူသေး။ ကျုပ်လည်းသွားတော့ ကျုပ်ကို လက်ဖက်ရည်ဆိုင်ခေါ်သွားတာ၊ အဲဒီဆိုင်က ရုပ်ရှင်စက်ကြီးကလည်း အကြီးကြီးပဲ။ ကျုပ်သားက ကျုပ်ကိုအဲလိုမျိုးဝယ်ပေးမယ်တဲ့။ ဘွဲ့ရပြီး မိန်းမမယူဘူးတဲ့။ အမေ့ကိုပဲ လုပ်ကျွေးမှာတဲ့လေ။ ကျုပ်လည်း ကျုပ်သားနဲ့ သဘောတူရမယ့် မိန်းကလေး ရှာလို့တောင်မတွေ့သေးပါဘူးအေဟဲ့”
“ တော့်သားက လူချောဆိုတော့ ရုပ်ရှင်မင်းသမီးတွေနဲ့ပဲ လိုက်ဖက်ပါတယ်တော်”
“ ဟုတ်တယ် ဟုတ်တယ်၊ ညည်းပြောတာ မှန်တယ်”
“ အကြော်နှစ်ကွင်းလောက် အဆစ်ပေးပါဦး ”
“ ပေးရမှာပေါ့ဂျမ်းစိန်ရယ် ၊ ညည်းက ကျုပ်သားပေါ်အမှန်မြင်တဲ့သူပဲ။ နှစ်ကွင်းမဟုတ်ဘူး သုံးကွင်းယူ ”
“ ဒါနဲ့ ၊ တော့်သားက မိဘကျေးဇူးနားမလည်တဲ့သူ ဆန်ကုန်မြေလေးလို့ ရွာထဲက ပြောနေကြတယ်”
“ အဲဒါဘယ်သူပြောတာလဲ ၊ သိသာသိလို့ကတော့နော် ပါးကိုရှစ်စိပ်ကွဲအောင်ရိုက်ပစ်လိုက်မယ်။ ကျုပ်သားက ကျုပ်ကို
အလုပ်မလုပ်နဲ့လို့ပြောပါတယ်။ ကျုပ်ကိုက ဝါသနာပါလို့ ရောင်းနေရတာပါတော် ”
“ အလကားပါ မမမြကြည်ရာ၊ မလိုသူတွေ ပြောတာတွေပါ။ ကျုပ်ကတောင် သူတို့ကိုပြောလိုက်သေးတယ်။ ညည်းတို့ ဘွဲ့ရပြီးပြန်လာမှ မျက်နှာလိုမျက်နှာရ မလုပ်နဲ့လို့။ ရွာကလယ်တွေအကုန်လုံးဝယ်ပြီး ဆန်စက်တွေထောင်တဲ့အခါ သမီးဗန်းပြပြိး လာမဆွယ်ကြနဲ့လို့။ မမမြကြည်သားက ခန့်ချောကြီးမို့ ပြီးတော့ ပညာတတ်လည်းဖြစ်လို့ ညည်းတို့သမီးနဲ့လုံး၀ မတန်ဘူးလို့ပြောလိုက်တယ်”
“ ညည်းပြောတာမှန်တယ်။ ရော့ နောက်ထပ် အကြော်နှစ်ကွင်းအဆစ်ပေးဦးမယ်။ ကဲ ငါလည်း ရွာထဲပတ်ပြီး ရောင်းလိုက်ဦးမယ်အေဟဲ့ ”
ဒေါ်မြကြည်က အကြော်ဗန်းကိုရွက်ပြီး ထိုနေရာမှထွက်သွားသည်။ ဒေါ်ဂျမ်းစိန်စိတ်ထဲက ဒီမိန်းမကြီး မြှောက်ပေါင်းရင်ရတယ် ။ ငပေါမကြီးဟု စိတ်ထဲမှ မှတ်ချက်ပြုလိုက်သော်လည်း ဒေါ်မြကြည်စိတ်ထဲတွင်တော့ ယူကျုံးမရမှုတွေဖြစ်နေသည်။ မှန်သည်။ သားဆီသွားသောအခါက ဒေါ်မြကြည်ကို အဆောင်ထဲတောင် ဝင်ခွင့်မပေးပဲ အပေါက်ဝမှာတင် ဆူပူငေါက်ငန်းခဲ့သည်။ ယခုမူ မိမိ မဟုတ်မမှန်လုပ်ကြံပြောသောစကားတို့သည် ထိုအချိန်ကနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ မုသားပြောမိ၍ ငရဲကြီးမည်ဆိုလျှင် မြကြည်တို့ကတော့ အဖန်ရာထောင်ချီလည်းမမှုပေ။ အဓိက က မိမိသားကို တခြားသူတွေအထင်သေးလို့မဖြစ်။ ဒေါ်မြကြည် စီးကျနေသောမျက်ရည်ကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ ပြီးမှ လက်ကျန်အကြော်ရောင်းရန်အတွက် ညာဘက်လမ်းလေးကို ချိုးဝင်လိုက်ပြန်သည်။
“ ဟောဒီက အကြော်သည် အကြော်ပူပူလေး ၊ ဝယ်ကြအုန်းမလားတော်ရေ့ ”
☺☺☺+++++++++++++++++++☺☺☺
“ သဘာဝတရားကြီးကို လွန်ဆန်လို့မရဘူးဆိုတာသိပေမယ့် ငါ့အမေကို ငါ လုံး၀ မသေစေချင်ဘူးကွာ ”
ပဋိညာဉ်တွေ နိဒါန်းတွေလုပ်မနေပဲ မျိုးလွင်က စကားကို တုံးတိကြီးပြောလိုက်သောကြောင့် ကြွက်နီခေါ်ဆန်းလွင်
က မျိုးလွင်ကိုကြည့်ကာ အံ့အားသင့်နေသည်။ အရင်လိုတက်ကြွမှုမရှိပဲ ညှိုးငယ်သည့်မျက်နှာထားကြောင့် တစ်စုံတစ်ခု
ကို တမ်းတနေသယောင်ရှိသည်ဆိုတာလည်း ခန့်မှန်းမိသည်။
“ ဆိုပါဦး ၊ ဘာကြောင့် ”
“ ဘာကြောင့်လဲဆိုတော့ ရိုးရိုးလေးပြောရရင် မိဘမေတ္တာကကြီးမားလို့ပေါ့ကွာ၊ လူတိုင်းလူတိုင်းရဲ့ ခံစားမှု၊ပေးဆပ်မှု
တွေနဲ့ ပြောမယ်ဆိုရင်တော့ မိဘမေတ္တာဆိုတာ ပြောဆိုလို့ကုန်မှာမဟုတ်ဘူးကွ”
“ အေး မင်းပြောတာကို ငါလက်ခံတယ်။ မင်းပြောသလို ငါ့ရဲ့တွေ့ကြုံမှု၊ ငါ့ရဲ့ခံစားမှုအရပြောရမယ်ဆိုရင် မိဘမေတ္တာ
ဆိုတာ ငါ့အတွက် လုံး၀ ၊ တစ်စက်မှမရှိခဲ့ဘူး”
“ ဘာ ”
ကြွက်နီခေါ်ဆန်းလွင်၏ ပြောဆိုမှုကြောင့် မျိုးလွင်ခမျာ အံ့အားသင့်သွားသည်။ ပညာတတ်တစ်ယောက်ဖြစ်ပြီး
ယင်းသို့တွေးခေါ်မှုပေါ်ကို လုံးဝမအံ့သြလို့မရ။
“ ဟုတ်တယ် ၊ ငါ့အမေက ခုချိန်ထိ ငါ့အပေါ်လုံးဝကောင်းခဲ့တာမရှိဘူး။ ငယ်ငယ်က ငါကစားချင်တိုင်း ကစားခွင့်မပေးခဲ့သလို တစ်ခြားသူတွေနဲ့ရန်ဖြစ်တိုင်း ငါ့ကိုကာကွယ်ပေးမယ့်အစား သူ့သားဖြစ်တဲ့ငါ့ကိုပဲ ရိုက်တယ်”
“အဲဒါကို မင်းက့”
“နေဦး ၊ ဆက်ပြောပြမယ် ။ ငါ ငယ်ငယ်တုန်းက အမှတ်သညာနည်းပြီး ညာဏ်ပညာသိပ်မကောင်းခဲ့ဘူး။ ကျန်းမာရေးက
လည်းချူချာတော့ အမြဲတမ်းညောင်နာနာပဲ။ ကျောင်းစာမေးပွဲတွေမှာ တခြားသူတွေထက်အမှတ်နည်းရင် ငါ့ကိုအားမပေး
ပဲ အမြဲတမ်းဆူပူကြိမ်းမောင်းတယ်။ ခင်ဗျားဖြေကြည့်ပါလားလို့ပြန်ပြောတော့ ငါ့ကို ထင်းချောင်းနဲ့ပစ်တယ်လေ။ ဒီမှာ ဟောဒီဒဏ်ရာက အဲဒီတုန်းက ပစ်လိုက်တဲ့အမာရွက်ပေါ့ကွာ။ ဒီအမာရွက်ကိုမြင်တိုင်း ငါ လုံးဝအခဲမကျေဘူး”
ကြွက်နီခေါ်ဆန်းလွင်က ပေါင်းခြံတွင်ရှိသော အမာရွက်ကို လှစ်ပြသည်။
“ ငါ့အဖေမသေခင်က ငါ့ကို အတန်းကျောင်းဆက်ထားဖို့တိုင်ပင်တော့ စီးပွါးရေးအခြေအနေမကောင်းလို့ မထားချင်ဘူးတဲ့။ ငါ့ကို နွားကျောင်းခိုင်းမတဲ့လေ။ ငါ့အဖေက အတင်းထားခဲ့လို့သာ ငါအခုတက္ကသိုလ်တက်နေရတာ။ တက္ကသိုလ်ရောက်မှ ငါ့သားက ဘာဖြစ်တယ်၊ညာဖြစ်တယ်လုပ်နေတာ ငါ သဘောမကျဘူး။ သူများမိသားစုက အမေတွေကိုတော့ ငါတကယ်အားကျတယ်။ ငါ့မှာ ငါ့ကိုချစ်တဲ့ အမေဆိုတဲ့ကံ မကောင်းခဲ့ဘူးကွာ ”
“ မင်းတွေးတာတွေ မှားနေပြီ ”
“ ဘာ့ ငါမှားတယ် ”
ဆန်းလွင်က လက်ညှိုးနှင့်သူ့ကိုယ်သူထိုးပြီး နားမလည်စွာမေးတော့ မျိုးလွင်က ခေါင်းကို ဖြည်းညင်းစွာညိတ်ပြသည်။
“ ဟုတ်တယ် ၊ မင်းရဲ့တွေးပုံတွေက သိပ်မှားနေတယ်။ ဒီလောကကြီးမှာ လူအမျိုးမျိုးရှိသလို မိဘတွေလည်းအမျိုး
မျိုးရှိကြတယ်။ သူတို့ဖြစ်စေချင်တဲ့ဆန္ဒရယ် သူတို့လိုချင်တဲ့ပုံစံရယ် ပြုပြင်ဆုံးမတဲ့နေရာမှာတော့ တူချင်မှတူလိမ့်မယ်
ပေါ့ကွာ။ ဒါပေမယ့် မိဘတိုင်းဟာသူတို့ဝမ်းကနေလွယ်ထားတဲ့သားသမီးကို ရုပ်ဆိုးလို့ပဲဖြစ်ဖြစ်၊ ခြေပြတ် လက်ပြတ်လို့
ပဲဖြစ်ဖြစ် လူနဲ့မတူလို့ပဲဖြစ်ဖြစ် သတ်ပစ်တာတို့၊စွန့်ပစ်တာတို့ ဘယ်တုန်းကမှမရှိခဲ့ဘူး။ အဲဒီတစ်ချက်ကတော့တူတယ်
။ တစ်ချို့တော့ချွင်းချက်ပေါ့ကွာ။အဲဒီချွင်းချက်ကလည်း ရေတစ်ပေါက်နဲ့ပင်လယ်ရေလို ကွာလွန်းပါတယ်။ငါ့သားကနှုတ်
ခမ်းကွဲနေလို့၊ငါ့သားက မွေးရာပါမျက်စိမပါလို့ဆိုပြီး ပစ်ပယ်ကြတာမရှိဘူး။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် မိဘတွေက သားသမီး
တွေကိုချစ်နေပြီးသား”
“ ငါ့အမေနဲ့ ငါ့ဘဝအကြောင်းပြောရရင် ဘယ်သူ့ကို အပြစ်တင်လို့တင်ရမှန်းမသိဘူး။ ငါက မွေးကတည်းကနေ ခုချိန်ထိ အဖေခေါ်စရာတောင်မရှိခဲ့ဘူးလေ။ အဖေက သေသွားလို့လဲမဟုတ်ဘူး။ ကွာရှင်းလို့လဲမဟုတ်ဘူး ”
မျိုးလွင်က အဝေးကိုတစ်ချက်ငေးကြည့်လိုက်သည်။ ကောင်းကင်တွင် တိမ်သလ္လာတို့မရှိ။ ဆောင်းကုန်ခါနီး နွေဦး
လေတို့ ပွေရူးနေသောကြောင့် ရွက်ဝါအချို့သာကြွေကြနေသည်။ မျိုးလွင်က သက်ပြင်းကို ခပ်ရှည်ရှည်ချလိုက်ပြီး
“ မြန်မာလူမျိုးတွေရဲ့ ပျော်စရာမရှိ ကိုယ့်ရိုးရာ ၊ကိုယ့်လူမျိုး၊ ကိုယ့်ဓလေ့မဟုတ်တာတောင် ကြံဖန်ပျော်တတ်တဲ့
အဆိုးဝါးဆုံးအကျင့်ပေါ့ကွာ။ အဲဒီနေ့က ဗယ်လင်တိုင်းဒေးဆိုတဲ့ချစ်သူများနေ့။ ငါ့အမေက သစ်ရွက်လှုပ်တိုင်းရင်ခုန်
တတ်တဲ့အရွယ်ဆိုတော့ တက္ကသိုလ်ကသူငယ်ချင်းတွေနဲ့စုပြီး ညမှာ ပျော်ပွဲရွှင်ပွဲလုပ်ကြတယ်။ တိုတိုပြောရရင် အဲဒီညက ငါလူ့လောကကြီးကိုဝင်လာဖို့ အကြောင်းဖန်လာတာပေါ့။ က-ရင်း ခုန်-ရင်း ဘီယာ၊အရက်တွေသောက်ရင်း မူးရူးနေကြ
တာပေါ့။ ကိုယ်ဝန်ရပြီး ခုချိန်ထိ အမေကိုယ်တိုင် ဘယ်သူလဲဆိုတာမသိခဲ့ဘူး ။ လင်ကောင်မပေါ်ပဲရလာတဲ့ကိုယ်ဝန်
ကြောင့် ငါ့အဘိုးက အဲဒီစိတ်နဲ့ပဲသေသွားတယ်။ အဘွားရယ်၊ တခြားဆွေမျိုးတွေရယ်က ကိုယ်ဝန်ကိုဖျက်ချဖို့အမျိုးမျိုး
ကြိုးစားကြတာပေါ့။ နောက်ပိုင်း ဘယ်လိုမှ ဖျောင်းဖျလို့မရတာနဲ့ ငါ့အမေကို အမွေပြတ်စွန့်လွှတ်ပြီး ဆွေမျိုးတွေက ကြဉ်ထားကြတယ်”
“ ငါ့အမေဟာ ငါ့ကိုဖြူသလား၊မဲသလား။ အင်္ဂ ါစုံသလား၊ဆွံ့အနေသလားလို့မသိသေးတာတောင် အပယ်ခံဘဝကို ရဲရဲဝင့်ဝင့်ယူပြီး ငါ့ကို ခက်ခက်ခဲခဲမွေးဖွားခဲ့တယ်။ ငါ့မေက ခုချိန်ထိ အိမ်ထောင်ပြုဘူးသေးတာမဟုတ်ဘူး။ ကျောင်းမပြီးပဲ လူ့လောကကြီးမှာကျင်လည်ရတော့ အမေ့မှာ အလုပ်အကိုင်မကောင်းခဲ့ဘူး။ ပန်းရံအဖွဲ့ထဲဝင်ပြီး အုတ်၊ထုံး၊သဲ၊အင်္ဂတေ
တွေကို သယ်တဲ့အလုပ်ပဲလုပ်ခဲ့တယ်။ အခုကြည့် သူတစ်နေကုန်လုပ်မှ ရတဲ့ချွေးနည်းစာလေးထဲက စုဆောင်းပြီး ငါ့ကို
ကျောင်းထားပေးတယ်။ အမေ့ဆီရောက်တော့ အမေဘယ်လိုနေလဲလို့ စူးစမ်းကြည့်တယ် ။ငါ့အမေမှာ ငါလိုအဝတ်များ
များမရှိဘူး။ စားတဲ့ဟင်းဆိုလို့ ချဉ်ပေါင်ကြော်နဲ့ငါးပိရည်ပဲ။တစ်ခါတစ်လေမှသာ ဘဲဥတောင် မနက်တစ်ခြမ်း၊ညတစ်ခြမ်း
ပဲ စားတယ်။မစားနိုင် မသောက်နိုင်လို့တော့မဟုတ်ဘူးကွ။ ပန်းရံလုပ်ခ တစ်ရက်သုံးထောင်ဆိုတာ နည်းတာမှမဟုတ်ပဲ။ ဒါပေမယ့် သူမစားခဲ့ဘူး ၊ အဝတ်ကောင်းကောင်းလည်း မဝတ်ခဲ့ဘူး။ အဲဒါဘာလို့လဲသိလား ။ ငါ့ကိုကျောင်းထားဖို့ ငါ့ကို သူများအလယ်မှာ အားမငယ်ရအောင်လို့ သူကိုယ်တိုင်က ချွေတာပြီး အကုန်လုံးက သူ့သားဖြစ်တဲ့ငါ့အတွက်ပဲ”
မျိုးလွင်က မမောတမ်းတရစပ်ပြောပြီး ကြွက်နီခေါ်ဆန်းလွန်ကို ကြည့်လိုက်သည်။ ဆန်းလွင်က
“ မင်းက ကံကောင်းတာပေါ့ ၊ ငါ့ အမေကတော့”
“အမေတိုင်းက ကိုယ်မွေးတဲ့သားသမီးတိုင်းကို ချစ်ကြတာပဲကွ၊ မင်းအမေဆို မင်းကို သူများထက်ပိုချစ်သေးတယ်။ မင်းအကြောင်းကို ငါအကုန်မသိပေမယ့် ဟိုတစ်နေ့က အဖြစ်အပျက်ကြောင့် မင်းအမေကို ငါလုံး၀ စာနာတယ်”
“ မင်းက ငါ့အမေအကြောင်းကို ဘယ်လောက်သိလို့လဲ ”
“ မင်းသိတာထက်တော့ ပိုတာပေါ့ကွာ၊ အခုကြည့် မင်းအပြင်မှာသွားလာဖို့မဟုတ်တာတောင် အဆောင်နေဝတ်တဲ့ အဝတ်အစားက တောက်ပြောင်လွန်းနေတာ။ ဖိနပ်ဆိုလည်း တစ်ရံပြီးတစ်ရံ။ မင်းက မင်းအမေကို ဝတ်လာတဲ့အဝတ်အ
စား မကောင်းလို့ လူတွေရှေ့မှာသာ အော်ငေါက်နေတာ။ ဘာဖြစ်လို့အဝတ်ကောင်းကောင်းမဝတ်ခဲ့တာလည်း ဆိုတာ
မင်းတွေးဖူးလား။ မင်းအမေ လူတွေကြားထဲ ဘယ်လိုစိတ်နဲ့ ဖိနပ်မစီးပဲနေတယ်ဆိုတာ မင်းတွေးဘူးလား”
“ အဲဒါတွေ ငါမသိချင်ဘူး”
“ ဘယ်သိချင်ပါ့မလဲ ၊ မင်းအမေက ထမင်းတောင် ဝအောင်စားချင်မှစားမယ်။ မင်းအမေ ခြစ်ခြုပ်စုထားတဲ့ငွေကို မင်းက ကျောင်းတတ်တဲ့နေရာမှာ မသုံးပဲ ဖဲဝိုင်းနဲ့ ထန်းတောထဲမှာပဲသုံးနေတာကိုး။ မင်းအမေမှာတော့ကွာ မင်းကိုတွေ့ချင်တဲ့ စိတ်လေးတစ်ခုနဲ့တင် ဆောင်းတွင်းကြီးချမ်းအေးအေးထဲ ဖိနပ်မပါ၊ ဘာမပါပဲလာတာကို မင်းမို့လို့ အော်ငေါက်တယ်။ မင်းသူ့နေရာမှာဝင်ကြည့် ဘယ်လောက်ထိ ခံစားရမလဲလို့ ။ လမ်းစရိတ်လေး ပြန်တောင်းတာတောင် ငြင်းလွှတ်ရက်
တယ်။ မင်းအမေမျက်ရည်ကျတာကို မင်းမမြင်ပေမယ့် ငါ့တို့ကျောင်းသားတွေ အကုန်မြင်လိုက်ရတယ်ကွ”
မျိုးလွင်က မာန်နှင့် အော်ပြောလိုက်သောကြောင့် ကြွက်နီခေါ် ဆန်းလွင်ခမျာ တွေဝေသွားသည်။ သူ၏အာရုံထဲတွင် ကြယ်သီးမပါသော အင်္ကျ ီကို ဆွဲဆန့်၍ ဖိနပ်မပါပဲ အားငယ်စိတ်ကို ချုုပ်တည်းပြီး အားတင်းပြုံးပြနေသော သူ၏ အမေ
ကို မြင်ယောင်နေသည်။
“ အဲလို အဖြစ်မျိုး ရှိခဲ့လို့လားကွာ ”
“ ငါတို့က ကိုယ်တိုင်မြင်ခဲ့တာပဲ မယုံရင်ကြိုက်တဲ့ကျောင်းသားကို မေးကြည့်။ မင်းက မင်းရဲ့လုပ်ပိုင်ခွင့်တစ်ချို့ကို ခွင့်မပြုတာနဲ့ ကိုယ့်အမေကို အငြိုးတေးထားခဲ့တာပဲ။ မင်းသိထားဖို့က အဲဒီတားမြစ်ချက်တွေကြောင့် မင်းဒီလိုရှင်သန်နိုင်
တယ်ဆိုတာ။ ပြီးတော့ မင်းကိုမချစ်ဘူးဆိုရင် မင်းကိုမွေးကတည်းက စွန့်ပစ်ထားမှာပေါ့။ ဘယ်လိုပဲပြောပြောဒီလိုအဆင့်
အတန်းမျိုးကိုရောက်အောင် မင်းကို မင်းအမေကပဲ ပြုစုပျိုးထောင်ခဲ့တာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်က ဘုရင်တစ်ပါးဖြစ်
ပြီး မိဘက သူတောင်းစားဘဝမှာရောက်နေခဲ့တောင် ကိုယ့်မိဘရဲ့ကျေးဇူးတရားကို မမေ့ရဘူး။ မေ့တဲ့သူဟာအသက်ရှည်
ရင်တောင်မှ မချမ်းသာဘူး။ ချမ်းသာရင်တောင်မှ အသက်မရှည်ဘူးကွ”
ကြွက်နီခေါ်ဆန်းလွင်၏ မျက်ဝန်းတွင် မျက်ရည်တို့အုံကျင်းဖွဲ့လာသည်။ ဖော်ပြရန်ခက်ခဲသော နောင်တများကသူ၏
အမြင်အာရုံထဲဝယ် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူက တစ်ချက်ပင့်ရှိုက်လိုက်ပြီး
“ ငါ့ငါ့မှားသွားပြီကွာ”
“ မင်းအတွက် နောက်မကျသေးဘူးသူငယ်ချင်း။ မင်းက မင်းအမေမကောင်းကြောင်း ပြောတတ်ပေမယ့် မင်းအမေက
တော့ ဘယ်သူနဲ့ပြောပြော မင်းကောင်းတဲ့အကြောင်းပဲ ရွေးပြီးပြောတတ်တယ်။ ဒါ့မိခင်တိုင်းရဲ့ မေတ္တာပဲ”
“ ငါ အမေ့ဆီပြန်ဦးမယ်။ သူငယ်ချင်း မင်းကိုကျေးဇူးတင်တယ်ကွာ။ ငါ ရွာပြန်ပြီး အမေ့ဆီသွားဦးမယ် ။ငါ့ကို ခွင့်တိုင်ပေးပါ”
“ စိတ်ချသာသွား သူငယ်ချင်း။ နောက်ဆံမတင်းနဲ့ ဒီအချိန်ဆိုရင် မင်းအမေက မင်းပြန်အလာကို မျှော်နေမှာ သေချာတယ်”
ကြွက်နီခေါ်ဆန်းလွင်က ထိုင်ရာမှထလိုက်ပြီး ကျောပိုးလွယ်အိတ်ထဲကို အဝတ်အစားများထည့်ဖို့ပြင်ဆင်နေသည်။ မျိုးလွင်ခမျာမှာတော့ မိဘမေတ္တာနားလည်လာသည့် လူတော်တစ်ယောက်ဖြစ်လာသော ဆန်းလွင်ကိုကြည့်ကာ သဘောများ အကျကြီး ကျနေတော့သည်။ အကယ်၍ ရွာပြန်လာမည်ဖြစ်သော ကြွက်နီခေါ်ဆန်းလွင်၏ သတင်းသာ ဒေါ်မြကြည်ကြိုတင်သိမည်ဆိုလျှင် ဘယ်လောက်ပျော်လိုက်မည်မသိ။ ဝမ်းသာလွန်း၍ က-နေမည်မှာ မလွဲဧကန်ပေတည်း ။ ။
☻☻☻ ပြီးပါပြီ ☻☻☻
10-1-2014 –FRI + AM:12:47:00
လေးစားစွာဖြင့်
မိန်နွေ
0 မွတ္ခ်က္:
Post a Comment