google-site-verification=gxI9Vw8JzyzHFFF0-A2wV4ejpLwkWuPZ1SDszgEy2gE မာန်မာနကင်းရှင်းခြင်း - ဘ.က ညောင်ပင်ကျောင်း မှ ကြိုဆိုပါ၏
Home » » မာန်မာနကင်းရှင်းခြင်း

မာန်မာနကင်းရှင်းခြင်း

“ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် အရည်အသွေးတစ်ခုကတော့
မာန်မာနကင်းရှင်းခြင်း ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး၊ဘ၀မြင့်မှု
ကင်းရှင်းခြင်း ဆိုတဲ့အရည်အသွေးပါပဲ။”
မာနသိပ်မကြီးပါနဲ့ ။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို
အထင်မသေးပါနဲ့။ ကိုယ်အထင်သေးထားတဲ့သူက
ကိုယ်အထင်သေးသလိုဟုတ်ချင်မှလည်းဟုတ်မှာ။ အခုလောလောဆယ်မှာ
ကိုယ့်ရဲ့အထင်သေးစရာဖြစ်နေပေမယ့် တစ်ချိန်မှာ ကိုယ့်ထက်သာချင်သာသွားမှာပါ
။ကိုယ်အထင်ကြီးစရာအနေအထားမျိုးရောက်ချင်ရောက်သွားမှာပါပဲ။
ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို
အထင်သေးတဲ့စိတ်နဲ့မပြောသင့်မပြောထိုက်တာပြော ၊ မလုပ်သင့်မလုပ်ထိုက်တာ
လုပ်မိရင် ကိုယ်ပဲပြန်ပြီးဒုက္ခ္ခ္ခ ရောက်တက်ပါတယ်။
ဝိဋဋူဘဇာတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်
ကျွန်မကမွေးတဲ့သားဆိုပြီးတော့ဝိဋဋူဘထိုင်သွားတဲ့နေရာ
နွားနို့ရည်တွေနဲ့ဆေးလိုက်တော့ ဟိုကရန်ငြိုးဖွဲ့ပြီး
မင်းတို့ကနွားနို့နဲ့ပဲဆေးတယ်၊
ငါကမင်းတို့ရဲ့လည်ချောင်းသွေးနဲ့ဆေးမယ်လုပ်လိုက်တာ ၊
သာကီဝင်တွေတစ်ဆွေတစ်မျိုးလုံး အသတ်ခံရတယ်။ ဒါဟာ မာနလွန်ကဲလို့ ၊
ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးလွန်းလို့ ကြုံတွေ့ရတဲ့ဆိုးကျိုးတွေပဲ။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတဲ့သူဟာ သူများကို အလိုလိုနေရင်း
အထင်သေးသွားတတ်တယ်။ မြင်မြင်သမျှလူကို လူလို့တောင်မထင်တော့ဘူး ။
လောကကြီးမှာလူနဲ့တူတဲ့လူဆိုလို့ ငါတစ်ယောက်ထဲရှိတယ်လို့အထင်ရောက်သွားတယ်။
ဘယ်သူမှ ငါ့လောက်မရှိဘူး ၊ ဘယ်သူမှ ငါ့လောက်မသိဘူးလို့ ဘ၀မြင့်သွားတယ် ။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအားကြီးတော့
လူအချင်းချင်းပြောဆိုဆက်ဆံတဲ့နေရာမှာ
သူတစ်ဖက်သားကို အထင်သေးတဲ့စကားမျိုး
၊ နှိမ့်ချတဲ့စကားမျိုးပြောမိတတ်တယ်။ ဆရာကြီးလေသံနဲ့အထက်စီးကနေစကား
လုံးကြီးတင်ပြောမိတတ်တယ်။
အထင်သေးစကားပြောခံရတဲ့ တစ်ဖက်သားကငါ့ကိုအထင်သေးတဲ့စကားပြောတယ်ဆိုပြီး
ကိုယ့်အပေါ် နာကျည်းမုန်းတီးသွားတယ်။ နဂိုက ကူညီနေတဲ့လူကလည်း
မစောင့်ရှောက်တော့ဘူး ။ နဂိုက ပေါင်းသင်းနေတဲ့လူကလည်း
မပေါင်းသင်းတော့ဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို
အထင်သေးခြင်းကြောင့် ကိုယ့်ပဲအကျိုးဆုတ်ယုတ်ရတယ်။
မာနကြီးတယ်ဆိုတဲ့စကားကို အထင်ကြီးတယ်လို့သုံးနှုန်းထားတာလေးကိုက
အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ တရားသဘောတွေအများကြီးပါတယ်။
အထင်ကြီးတင်ဆိုကတည်းကိုက အမြင်ကြီးတာမှမဟုတ်ဘဲ။
အမှန်တကယ်လက်တွေ့တွေကြီးနေတာမှမဟုတ်ဘဲ။ အထင်တွေပဲကြီးနေတာ ။
တကယ်တော့ လောကကြီးမှာ အထင်ကြီးတယ်ဆိုတာ အထင်တွေပဲရှိတာ ။ မာနကြီးလောက်စရာ
၊ ဘ၀မြင့်လောက်စရာ ၊ ခြေဖျားထောက်လောက်စရာဆိုတာ တကယ်တော့ ဘာမှမရှိဘူး ။
ပစ္စည်းဥစ္စာအနေနဲ့ တစ်လောကလုံး ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေကို
သူတို့ဘာမှမလုပ်ဘဲနဲ့စားနိုင်သောက်နိုင်အောင် ကျွေးနိုင် ၊ ပေးနိုင် ၊
စွန့်လှူနိုင်တဲ့အနေအထားမျိုးကိုယ့်မှာရှိနေပြီလား၊သက်ရှိသတ္တာဝါမှန်သမျှကို
အချိန်တိုင်းလိုသလောက် ပေးလှူနိုင်လောက်အောင်ကိုယ့်မှာမရှိသေးပါဘူး ။
ဒါဆိုရင် ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဘာလို့မာနဖြစ်နေဦးမှာလဲ။
မာနဖြစ်တယ်ဆိုရင် ကိုယ့်ပစ္စည်းဥစ္စာတွေကို
မာနဖြစ်လောက်စရာလို့ရူးသွပ်စွာထင်နေတဲ့ စိတ်ကူးယဉ် အထင်မျှသာပါပဲ။
မာနကြီးတာဟာ အထင်သက်သက်ကြီးနေတာပါပဲ။ အထင်ဆိုတဲ့ သဘာဝကိုက
မကောင်းတဲ့ဥစ္စာ၊အထင်ကြီးတယ်ဆိုတော့ ပိုဆိုးတာပေါ့။
ရုပ်ဆင်းဥပဓိအနေနဲ့ တစ်လောကလုံး၊ တစ်ကမ္ဘာလုံးမှာ
ငါအလှဆုံး၊ငါအချောဆုံးလို့ပြောနိုင်လောက်အောင် လှနေ ချောနေပြီလား ၊
နတ်သား ၊ နတ်သမီးတွေထက်ကို ချောနေပြီလား ၊ မလှသေး၊မချောသေးဘူးဆိုရင်
ရုပ်အဆင်းအကြောင်းပြုပြီး ဘာလို့မာနကြီးနေဦးမှာလဲ ။ မာနကြီးတယ်ဆိုရင်
ဒါအထင်သက်သက်မျှသာ ကြီးနေတာပဲ။
ရာထူးအာဏာအနေနဲ့လည်း တစ်လောကလုံး ၊
တစ်ကမ္ဘာလုံးကိုလွှမ်းမိုးနိုင်လောက်အောင် ကိုယ့်မှာ ရာထူးအာဏာရှိနေပြီလား။
ပညာအနေနဲ့ လည်းသိသင့်သိထိုက်တဲ့ လောကီ၊ လောကုတ္တရာ အ ကြောင်းအရာအားလုံးကို
သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ တန်းတူယှဉ်နိုင်လောက်အောင် ကိုယ့်မှာ သိနေ
တတ်နေပြီလား။
အဲဒီလိုအားဖြင့်မာနကြီးလောက်စရာလို့ ကိုယ့်ထင်နေတဲ့အရာတွေကို
အမြင့်မားဆုံး၊ အကြီးကျယ်ဆုံးစံချိန်တွေနဲ့
မှတ်ကျောက်တင်စစ်ဆေးကြည့်လိုက်ပါ။ အစစ်ဆွေးမခံနိုင်ဘူးဆိုရင်
မာနကြီးမနေပါနဲ့ ။ အထင်ကြီးမနေပါနဲ့ ။
မာနကြီးတယ်ဆိုရင် အထင်သက်သက်ကြီးနေတာပဲဖြစ်မှာပါ။ အထင်ဟာ အထင်ပါပဲ။
အမြင်မဟုတ်ပါဘူး ။ အမှန်မဟုတ်ပါဘူး ။ တကယ်လက်တွေ့မဟုတ်ပါဘူး ။
ကိုယ့်ကိုယ်ကို အထင်မကြီးတော့ဘူးဆိုရင် သူတစ်ပါးကိုလည်း
အထင်မသေးတော့တဲ့အတွက် စိတ်နေစိတ်ထားရော ၊ အပြောအဆို ၊ အပြုအမူပါ
ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်လာလို့ ပေါင်းသင်းဆက်ဆံရေး
ပိုအဆင်ပြေလာတဲ့အပြင် မပြစ်မှားသင့်မပြစ်မှားထိုက်သူတွေကိုလည်း
မပြစ်မှားတော့တဲ့အတွက် စိတ်အပူ ၊ ဘ၀အပူတွေကင်းရှင်းပြီး
ငြိမ်းအေးပျော်ရွှင်ရပါတော့တယ်။  ။
ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင် စာအုပ်မှ ကူးယူပူဇော်အပ်ပါသည်။

0 မှတ်ချက်:

ဖတ်ရှုများသောပို့စ်မျး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်